သီပေါမြို့ရှိ စျေးများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချစေရေးနှင့် ကုန်စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

သီပေါ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့  မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော စျေးဆိုင်များနှင့် ဝက်ဝံယာယီပျံကျစျေးအတွင်း  အသားငါး၊  ဟင်းသီးဟင်းရွက်သစ်သီးဝလံ အစရှိသည့် စျေးရောင်းချလျက်ရှိသောဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိစေရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယနေ့နံနက်(၁၀) နာရီ အချိန်ခန့် က မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း၊ မြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက  မြို့မစျေးနှင့် ဝက်ဝံယာယီပျံကျစျေးတို့တွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)