မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

မက်မန်း နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် စျေးရောင်း၊ စျေးဝယ်များ ခရီးသွားပြည်သူများ နေအိမ်အပြင်ထွက်ခွာပါက နှာခေါင်းစည်း Maskများ တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန် က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းမြို့နယ် ဆရာဝန် ဒေါက်တာအောင်ကိုဝင်း၊ မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်ထွေး၊ စည်ပင် အမှုဆောင်အရာရှိ ဦးဝေယံထွန်း၊ ကျန်းမာရေးဆရာမများ၊ ဌာနဆိုင်ရာများပူးပေါင်းကာ မက်မန်း မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင် သွားလာရန်အသိပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သီချင်းများဖွင့်လှစ်ခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)