လွယ်ဂျယ်မြို့၌ နယ်စပ်ကုန်သွယ်ရေးစခန်းကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးပြုလုပ်

လွယ်ဂျယ်      နိုဝင်ဘာ        ၂၃

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေး ကို ယနေ့နံနက်(၁ဝ)နာရီခန့်က ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ကုန်သွယ်ရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ကိုဗစ်-၁၉ ကာလအတွင်း ကုန်သွယ်မှုဆောင်ရွက်နိုင်မှု အခြေအနေနှင့် ကုန်စည်စီးဆင်းမှု ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ခံ ဆရာဝန်ဒေါက်တာလှအောင်တို့က လွယ်ဂျယ်မြို့တွင် ကုန်တင် ယာဉ်ကြီးများအား ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအခြေအနေနှင့် ကျန်းမားရေးညွှန်ကြားချက်နှင့်အညီ ကုန်သွယ်ရေးစီးဆင်းမှု အရှိန်မပျက်အောင် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူ မြို့မိမြို့ဖများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း အကောက်ခွန်ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ ပထမခြောက်လပတ်တွင် ကုန်သွယ်ခွန် ငွေကျပ်(၈၇၅ ဒသမ ၄၅၉)သန်းရရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ကုန်သွယ်ခွန်ကျပ်(၈၅၅ ဒသမ ၅ဝဝ)သန်းရရှိခဲ့ကာ လျှာထားရည်မှန်းချက်၏ ၇ဝ ရာခိုင်နှုန်းကျော် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)