မကျီးဇင်ကျေးရွာ စာသင်ကျောင်းလမ်းနှင့် ဆေးရုံလမ်းတို့အား လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ရွှေသောင်ယံ နိုဝင်ဘာ ၂၃

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာအတွင်းရှိ စာသင်ကျောင်းလမ်းနှင့် ဆေးရုံလမ်းတို့အား မြေသားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းတို့ကို နိုဝင်ဘာလ(၉) ရက်နေ့မှစတင် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီးရန်ပုံငွေသန်း (၃၀)ဖြင့် Nine Elephants Group Co.,Ltd မှ တာဝန်ယူ၍ လမ်းအရှည်(၄၂၀၀)ပေ၊ လမ်း အကျယ်(၂၀)ပေ၊ လမ်းအမြင့်(၂)ပေအား ဆောင်ရွက်လျက်ရှိရာ ယခုအခါ(၄၀) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အထူးသဖြင့် အ.ထ.က(မကျီးဇင်)တွင် ပညာသင်ကြားကြမည့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသွား ကျောင်းပြန် အဆင်ပြေစေခြင်း၊ ဆေးရုံဝန်ထမ်းများနှင့် လူနာများအတွက် သွားလာရေး အဆင်ပြေစေခြင်း၊ ထို့အပြင် ဒေသနေပြည်သူများ အားလုံးလည်း သွားလာရေး အဆင်ပြေစေမည်ဖြစ်ကြောင်း၊ လမ်းမများပေါ်တွင်လည်းရေတင်ခြင်း၊ ရေဝပ်ခြင်းများ မရှိတော့၍ ပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမောင်(ပြန်/ဆက်)