ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ (လောပိတ)သို့ ရေများဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

လွိုင်ကော် အောက်တိုဘာ ၁

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်က လွိုင်ကော်မြို့နယ်ရှိ ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ(လောပိတ)သို့ ရောက်ရှိရာ အမှတ်(၂)စက်ရုံတာဝန်ခံ ဦးဇော်မင်းထွန်းက လက်ရှိဘီလူးချောင်းရေမြင့်တက်သဖြင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှတစ်ဆင့် စက်ရုံအတွင်း ရေများဝင်ရောက်မှုူအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စက်ရုံအတွင်းရေဝင်ရောက်မှုအခြေအနေများ၊ Switch Yard နှင့် စက်ရုံဝန်းအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး အတွက် ကြိုတင်ကာကွယ်ထားသည့် သဲအိတ်များ ကာရံထားရှိခဲ့မှုအခြေအနေများနှင့် ဘီလူးချောင်းရေတိုက်စားမှုကြောင့်ပျက်စီးသွားသော ရေထိန်းတမံအသစ် ပြန်လည်တည်ဆောက်နိုင်ရန်၊ ရေစီးလမ်းကြောင်းများ ကောင်းမွန်စေရေးဆောင်ရွက်သွားရန်နှင့် စက်ရုံအတွင်းထပ်မံ၍ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် သဲအိတ်များထပ်မံတိုးမြှင့် ကာရံထားရန်၊ ရေများအမြန်ဆုံးပြန်လည် စုပ်ထုတ်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အမှတ်(၁)စက်ရုံနှင့် အမှတ်(၂)စက်ရုံတို့အကြား ဘီလူးချောင်းရေမြှင့်တက်မှုကြောင့် ရေလွှမ်းဧရိယာဖြစ်ပေါ်နေမှု အခြေအနေများနှင့် ၎င်းနေရာမှ စက်ရုံများသို့ ရေတိုက်စားစီးဆင်းမှုမရှိစေရေး ဆောင်ရွက်နေသည့် တာအသစ်တည်ဆောက်နေမှုနှင့် တာတမံအဟောင်းပြန်လည်ပြုပြင်နေမှုတို့အား သွားရောက်ကြည့်ရှုခဲ့ကာ ယခုရေလွှမ်း၍ ပျက်စီးသွားသော မြေသားတမံအား တမံအသစ်နှင့် တစ်ဆက်တည်းဖြစ်စေရေး၊  ရေစီးကြောင်း ဖြောင့်တန်းစေရေးနှင့် ဘီလူးချောင်းအတွင်း ရေပြန်လည်၍ စီးဝင်စေရေး အမြန်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဘီလူးချောင်း အမှတ်(၁) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ (လောပိတ)သို့ ရောက်ရှိရာ အမှတ်(၁)စက်ရုံမှူး ဦးကျော်သက်ခိုင်က စက်ရုံ၏ လည်ပတ်နေမှုအခြေအနေများနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် စက်ရုံအားပုံမှန်လည်ပတ်နိုင်ရေး၊ စက်ရုံနှင့်စက်ရုံပတ်ဝန်းကျင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် ကြိုတင်စီမံဆောင်ရွက်ထားရှိရေးနှင့် ဝန်ထမ်းများ၏ အလုပ်ခွင်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)