နမ့်ဆန် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီ(၂)ခုနှင့် မန်တုံမြို့နယ်တွင် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီ(၂)ခုတို့က ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းတွင်အသုံးပြုရန် နမ့်ဆန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့သို့ ငွေကျပ်(၄၀)သိန်းကို ယနေ့မွန်းလွဲ (၂)နာရီအချိန် က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်အတွင်း ကားဆရာတစ်ဦးထံနှင့် နတလ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုခြင်းခံရသူ အမျိုးသမီးတစ်ဦး စုစုပေါင်း(၂)ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီးနောက် ၎င်းတို့နှင့် ထိတွေ့ထားသူ ယနေ့ညနေအထိ (၆၀)ဦးခန့်ကို နတလကျောင်း၊ အမက(၄)၊ အမက(၆)၊ အထက(၁)ကျောင်း Quarantine Centre တို့တွင် ပို့ဆောင်ထားပြီး ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ထားရှိခဲ့သည်။ အဆိုပါ Quarantine Centre ဝင်နေရသူများအတွက် စားသောက်နေထိုင်ရေး စီစဉ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွင် အသုံးပြုဖို့ ဒေသဦးစီးအဖွဲ့ ဦးသိန်းဇော် က နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်တို့တွင် တင်ဒါအောင်မြင် ထားသည့် ကုမ္ပဏီ(၄)ခုထံမှ အလှူခံရာ ပရိမ္မကုမ္ပဏီမှ ကျပ်(၁၀)သိန်း၊ နိုင်ထွန်းလွင် ကုမ္ပဏီမှ ကျပ်(၁၀)သိန်း၊ Nyi & Naing ကုမ္ပဏီမှ ကျပ်(၁၀)သိန်း၊ သိန်းထိုက်ရတနာကုမ္ပဏီမှ ကျပ်(၁၀)သိန်းနှင့် မြို့နယ်လျှပ်စစ်ရုံး (AE) ဦးရဲဝင်းမှ ဦးဆောင်၍ လျှပ်စစ်ရုံးဝန်ထမ်းများတို့ စုပေါင်းလှူဒါန်းငွေ ကျပ်(၁)သိန်း စုစုပေါင်း ကျပ်(၄၁)သိန်းတို့ကို ဒေသဦးစီးအဖွဲ့အလုပ်အမှုဆောင် ဦးသန်းဇော်ကပေးအပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေ က လက်ခံရယူသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ပြီး အလှူငွေလှူဒါန်းပေးသည့် ကုမ္ပဏီများကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ၎င်းအလှူငွေများကို Quarantine Centre တွင်နေထိုင်သူများ စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်း လိုအပ်ချက်များတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းတွင် ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုအသင်းနှင့် လူမှုကူညီရေးအသင်းများတို့မှလည်း ပူးပေါင်းပါဝင်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ကိုအောင်မိုး (ရွှေဖီမြေ)