ညောင်ဦး နိုဝင်ဘာ ၂၄
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သဘာဝအခြေခံခရီးစဉ်ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကျောက်မျက်မော်ခရီးစဉ်ဒေသကို ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားဧည့်သည်များ လေ့လာလည်ပတ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို ယမန်နေ့၌ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။
ကိုဗစ်-၁၉ အလွန် ရောက်ရှိလာမည့်ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများလေ့လာနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် ပုဂံ-ညောင်ဉီးရှေဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားဖူးခရီးစဉ်များအပြင် သဘာဝအခြေခံခရီးသွားလုပ်ငန်း (ECO Tourism ) ခရီးစဉ်ဒေသ( ၅ ) ခုတွင် တစ်ခုအပါဝင်ဖြစ်သည့် ကျောက်မျက်မော်ဘုရားခရီးစဉ်ဒေသကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကျောက်မျက်မော်နှင့် စပ်ဆက်လျက်ရှိသော တောကျောင်းသဲဖြူကုန်းဘုရားများသို့ ဧည့်သည်များ အလွယ်တကူ သွားလာနိုင်ရန်၊ ခရီးသွားဧည့်သည်များ (SUN SET) နေဝင်ဆည်းဆာအလှများ ကြည့်ရှုခံစားနိုင်ရန်နှင့်ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်းဖြင့် လူမှုဘတိုးတက်မြင့်မား လာပြီး ခရီးစဉ်ဒေသ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန်အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောကြားသည်။
အဆိုပါ ကျောက်မျက်မော်ခရီးစဉ်ဒေသ ကြိုတင်ပြင်ဆင်ခြင်းကို သက်ဆိုင်ရာအစိုးရဌာနများအပြင် ပုဂံ-ညောင်ဦးဒေသ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်များ အသင်း၊ သယ်ယူပို့ဆောင်ရေးအသင်း၊ ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့၊ မြိုမိမြို့ဖများ၊ အရပ်ဖက်အဖွဲ့အစည်း များမှ တာဝန်ရှိသူများပါဝင်သည့် ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (Destination Management Organization DMO) တစ်ရပ်ဖွဲ့စည်း၍ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နေပြီဖြစ် ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ထံမှ သိရသည်။
ပုဂံ-ညောင်ဦးခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီအနေဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ ဗဟုသုတများ ပြည်သူများအကျယ်တဝင့် သိရှိနိုင်စေ ရန် သက်ဆိုင်ရာခရီးစဉ်ဒေသမှပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသိပညာပေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)