ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း ကချင်ပြည်နယ်အတွင်းသို့ ကျန်းမာရေး ပူးပေါင်းစစ်ဆေးရေးဂိတ်ရှောင်ကွင်း၍ ခိုးဝင်လာမှု မရှိစေရေး ကြပ်မတ်စစ်ဆေး

ဗန်းမော်    နိုဝင်ဘာ     ၂၄

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသကာလအတွင်း ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာရာတွင် ကျန်းမာရေး ပူးပေါင်းစစ်ဆေးရေးဂိတ်ရှောင်ကွင်း၍ နည်းလမ်းအမျိုးမျိုး ဖြင့် ခိုးဝင်ရောက်လာမှု မရှိစေရေးအတွက် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ကချင်ပြည်နယ် ဗန်းမော်ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြပ်မတ်စစ်ဆေးရာတွင် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း၊ ရွှေကူမြို့နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်အထိ သွားရောက်ကာ မန္တလေး-ရွှေကူ-ဗန်းမော်မဟာဗျူဟာ လမ်းကြောင်းမှ ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအနေဖြင့် ရွှေကူမြို့နယ် အောက်လေးလမ်းဆုံ ကျန်းမာရေး ပူးပေါင်းစစ်ဆေးဂိတ်အား ရှောင်ကွင်း၍ ဖြတ်သန်းသွားလာ နေကြောင်း သတင်းအရ ပြည်နယ်အစမှ ဂိတ်အထိ ရှောင်ကွင်းလမ်းများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် သာစည်-ညောင်ကုန်း-ဆိပ်သာလမ်းခွဲအား ကြည့်ရှုခြင်း၊ ညောင်ပင်ကွေ့လမ်းခွဲအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း များအဖွဲ့ ပူးပေါင်း၍ ကြပ်မတ်စစ်ဆေးရန်နှင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ အဆိုပါလမ်းခွဲအား ဖြတ်သန်းသွားလာနိုင်ခြင်းမရှိစေရေးအတွက် ပိတ်ထားရန်၊ ကျန်းမာရေး ပူးပေါင်းစစ်ဆေးရေးဂိတ်မရောက်မီ ဂိတ်ရှောင်ကွင်းလမ်းနှစ်ခုအား ဆိုင်ကယ်ဖြင့် ရှောင်ကွင်း  သွားလာနိုင်ခြင်းမရှိစေရေးအတွက် ပိတ်ဆို့ကာရံထားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မန္တလေး-ရွှေကူ-ဗန်းမော် ကားလမ်းပေါ်ရှိ အောက်လေးလမ်းဆုံဂိတ်၌ ဗန်းမော်ခရိုင် အတွင်း ဝင်ရောက်လာကြသူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၁ ရက်မှ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း(၁၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)