မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကုသရေးအသုံးပြုရန် Oxygen Concentrator လှူဒါန်းခြင်းနှင့် volunteerများအတွက် ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

မော်လမြိုင်ကျွန်း နိုဝင်ဘာ

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၂၃၆)ဦးရှိပြီး ကုတင် ၁ဝဝ ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ကုသဆဲလူနာ(၇၂)ဦး ကျန်းမာရေးကောင်းမွန်လျက် ဆေးရုံဆင်းသူ (၁၆၄)ဦးရှိပြီဖြစ်သည်။

မြို့နယ်တွင် ပိုးတွေ့လူနာများပြားနေသည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိ၊ မြို့ဖများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ကာကွယ်တားဆီးရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်အတူ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ် ကုတင် (၁ဝဝ) ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကုသရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် ဒေါ်မင်းမင်းမော်နှင့် သူငယ်ချင်းတစ်စုမှ (၅၆၅၀၀၀)ကျပ် တန်ဖိုးရှိ Oxygen Concentrator တစ်လုံးနှင့် Emergency Volunteer Team အတွက် ကျပ်တစ်သိန်းခြောက်သောင်းအား မြို့နယ်ကုတင် ၁ဝဝ ဆေးရုံကြီးတွင် ပေးအပ်လှူဒါန်းသည်။

ထို့ပြင်မြို့နယ်အရေးပေါ် စေတနာဝန်ထမ်းများ နေ့စဉ်စားသောက်ရေး၊ ကျန်းမာသုံးအထောက်အကူပြုပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ဒေါ်အုန်းမြင့် မိသားစု ဇီဇဝါလမ်းမှ ကျပ်သုံးသိန်း၊ ဦးသန်းဦး+ဒေါ်မြင့်မြင့်သွယ် (သမီး)မမိုးသက်ခိုင်၊ မသဇင်နွယ်တို့မှ ကျပ်တစ်သိန်း၊ မမေသက်နှင်း(Royal May Diamond and Jewellery (ရန်ကုန်) ကျပ်တစ်သိန်း၊ ထွန်းထွန်း အိမ်ဆောက်ပစ္စည်းဆိုင် ဝန်ထမ်းများမှ ခုနစ်သောင်းငါးထောင်ကျပ်၊ ဦးသန့်ဇင်+ဒေါ်အေးအေးနိုင် (သမီး)မသွန်းဆုနိုင်မှ ခုနစ်သောင်းကျပ်၊ ဦးခင်မောင်လွင်-ဒေါ်ခင်မမ (နီလာပုဇွန်မုန့်)မှ ငါးသောင်းကျပ်တို့ကို အလှူရှင်များမှ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပေးအပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်၊ မြို့နယ်ဆရာဝန်ကြီး ဦးစန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များမှ လက်ခံရယူကြကြောင်း သိရသည်။

သီတာအောင်(ပြန်/ဆက်)