မိုးညှင်းမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ပိုးတွေ့ရှိသူ(၃)ဦး အထိရှိလာ

မိုးညှင်း          နိုဝင်ဘာ    ၂၄

ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ Test Kit ဖြင့် နေ့စဉ်စစ်ဆေးခြင်းကို ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကုန်တင်ယာဉ်မောင်း (၁)ဦးထံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် အဆိုပါဂိတ်မှပိုးတွေ့ရှိသူ (၃)ဦးအထိ ရှိလာကြောင်း သိရသည်။

Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းအုပ်စု၊ စပ်ဆားကျေးရွာနေ (၁၂)ဘီး ကုန်တင်ယာဉ်မောင်းသူ အသက်(၄၅)နှစ်အရွယ် အမျိုးသား(၁)ဦးဖြစ်ပြီး ပိုးတွေ့ရှိသူ အဆိုပါ အမျိုးသားကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် AMBULANCE မော်တော်ယာဉ်ဖြင့် မိုးညှင်းခရိုင် ဆေးရုံရှိ သီးသန့်ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းနှင့်ထိတွေ့မှုရှိသည့် ကုန်တင်ယာဉ်နောက်လိုက် ကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် စောင့်ကြည့်မှုခံယူစေခဲ့ပြီး ပိုးတွေ့ကုန်တင်ကားအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ထားရှိကြောင်း ကျန်းမာရေးစစ်ဆေးရေး ဂိတ်တာဝန်ခံ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယနေ့ပိုးတွေ့အမျိုးသား(၁)ဦးအပါအဝင် အဆိုပါကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အသက်(၂၄)နှစ်အရွယ် ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အသက်(၃၃)နှစ်အရွယ် ကုန်တင်ယာဉ်မောင်း အမျိုးသား(၁)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့လူနာအားလုံးကို မိုးညှင်းခရိုင်ဆေးရုံရှိ သီးသန့်ကုသ ဆောင်တွင်ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)