မြင်းခြံ နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် သောက်သုံးရေ အရည်အသွေးများကို စက်တင်ဘာလကုန်ပိုင်း မှစ၍ စစ်ဆေးပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရ သည်။
"မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ရေထွက် ပင်ရင်းများဖြစ်သော ရေတွင်း၊ ရေကန်များမှ ရေနမူနာများကို ရယူပြီး ၎င်းရေထဲမှ လူနှင့် တိရစ္ဆာန်များ၏ အညစ်အကြေးပါဝင်မှု အခြေအနေများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေ တတ်သော အီကိုလိုင် ဘတ်တီရီးယား ပါဝင်မှု ရှိ/မရှိကို သိရှိနိုင်စေရန်အတွက် E-coli Test-Kit ဖြင့် စစ်ဆေး ပေးခြင်းဖြစ်ကြောင်း" မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဦးမျိုးဝင်းက ပြောသည်။
သောက်သုံးရေများတွင် အီကိုလိုင် ဘက်တီးရီးယား ပါဝင်မှုရှိပါက ဝမ်းပျက် ဝမ်းလျှောနှင့် အခြားရောဂါ များဖြစ်ပွားနိုင်ပြီး ယခုလိုစစ်ဆေးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုအန္တရာယ် များမှ ကြိုတင်ကာကွယ်နိုင်မည် ဖြစ်သည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၈၃) ရွာထဲမှ (၉၃) ရွာကို စစ်ဆေးပြီးစီးကာ ကျန်ရှိနေသေး သည့်ကျေးရွာများကိုလည်း ဆက်လက်စစ်ဆေး ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)