ပလောက်မြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

ပလောက် နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့ကျန်းမာရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက ပလောက်မြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ရောက်ရှိလာသော စားသုံးသူများ ကို ဆိုင်အဝင်ဝတွင် အပူချိန်တိုင်းတာရန်၊ လက်ဆေးရန်နေရာများ ဆောင်ရွက်ထားရှိခြင်း၊ ဆိုင်ထိုင်စားသုံးမည့်နေရာများသည် လေဝင်လေထွက် ကောင်း၍ လေအေးပေးစက် တပ်ဆင်ပါက ပြတင်းပေါက်များဖွင့်ထားရန် စီစဉ်ထားရှိခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးပိုစတာများ၊ ဗွီနိုင်းများကို လူအများမြင်သသော နေရာများတွင်ကပ်ထားပေးခြင်း၊ စားသုံးသူများအတွက် နှာခေါင်းစည်း များကို ဆိုင်အတွင်းသို့မဝင်မီ တပ်ဆင်နိုင်ရန် မှန်ကန်သောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး စသည်ဖြင့် စီစဉ်ထားရှိနိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက် သွားရန်နှင့် လိုက်နာဆောင်ရွက်ပြီးစီးမှုများအား ထပ်မံစစ်ဆေး၍ လိုက်နာမှုရှိမှသာ ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်