ဝိုင်းမော် နိုင်ဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် မြို့နယ် ပညာရေးမှူးရုံး၊ အောင်မင်္ဂလာခန်းမ၌ လာရောက် လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနှိမ်နှင်းရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သိန်းမြို့မှ ဝိုင်းမော်မြို့နယ်တွင်း ဘေးကင်းလုံခြုံစွာ စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို အာရှဘောလုံး အဖွဲ့ချုပ်(AFC) လာရောက် လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အာရှဘောလုံးအဖွဲ့ချုပ်(AFC)ကိုယ်စား Health Poverty Action Life Project Coordinator တာဝန်ခံ Mrs. ဆိုင်ဟောက် မှ အမေရိကန်ဒေါ်လာ $၂၆၀၀၀ တန်ဖိုးရှိ အဝတ်နှာခေါင်းစည်း (Mask)(၉၀၀၀၀)ခု၊ လက်သန့်ဆေးရည် (၃၀၀၀)ခု၊ အပူချိန်တိုင်းတာမိုမီတာ (၂၈၄)ခုကို မြို့နယ်ပညာရေးမှူးရုံးသို့ ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးမွန်ကျော်မြင့် ကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လှူဒါန်းရရှိသော ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို အထက၊ အထက-ခွဲ(၁၇)ကျောင်း၊ အလက၊ အလက-ခွဲ(၂၂)ကျောင်း၊ အမက၊ အမက-ခွဲ(၁၀၁)ကျောင်း စုစုပေါင်း (၁၄၀)ကျောင်းကို ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)