လွိုင်ကော် အောက်တိုဘာ ၂
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်က ပြည်နယ်ခန်းမ၌ ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ကျင်းပသည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်ရဲတပ်ဖွဲ့ အနေဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်နှင့် တက်ညီလက်ညီ လက်တွဲပူးပေါင်းဆောင်ရွက်ပြီး လုံခြုံရေး အသိ/သတိရှိစွာနှင့် မိမိတာဝန်များကို ကျေပွန်စွာဆောင်ရွက်သွားရန်လိုကြောင်း၊ ရဲတပ်ဖွဲ့ဝင် များအနေနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နေချိန်တွင် လုံခြုံရေးနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အားကိုးယုံကြည်မှု အပြည့်အဝရရှိစေရေးအတွက်လည်း အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သော သဝဏ်လွှာအား ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်ဦးက ဖတ်ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်ရဲတပ်ဖွဲ့သို့ ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် ရဲဗလ ဆုချီးမြှင့်ခံရသူ ရဲဝန်ထမ်း(၃)ဦး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်ခိုင်က ရဲဗလဆုချီးမြှင့်ခံရသူ ရဲဝန်ထမ်း(၂)ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင်က ရဲဗလဆုချီးမြှင့်ခံရသူ ရဲဝန်ထမ်း(၁)ဦးနှင့် မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိမှုဆု(၁)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်ဦးက မှုခင်းဖော်ထုတ်ဖမ်းဆီးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၃)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးက လက်ခံရယူကြသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip အား ပြသပြီး ဆုရတပ်ဖွဲ့ဝင်များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)