ကော့သောင်း နိုဝင်ဘာ ၂၄
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့် အီတလီအခြေစိုက် Istituto Oikcos အဖွဲ့၏ ကူညီ ပံ့ပိုးမှုဖြင့် ကုသိုလ်ဖြစ်ဆေးကုသရေးအဖွဲ့ Medacross နှင့် ကော့သောင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ရှေးဦးသူနာပြု သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်၊ ဧဒင်ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းတွင် Medacross အဖွဲ့မှ ကိုဗစ် - ၁၉ ရောဂါကြောင့် ပြောင်းလဲသွားမည့် ခရီးသွား လုပ်ငန်းပုံစံများ ပြန်လည်စတင်ခြင်းတွင် သတိပြုရမည့် ကျန်းမာရေး လုံခြုံမှုဆိုင်ရာ သိကောင်းစရာများ၊ ကိုဗစ် - ၁၉ ရောဂါ သမိုင်းကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကြောင့် ဖြစ်တတ်သော ရောဂါလက္ခဏာ များနှင့် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် နည်းလမ်းများ၊ ကော့သောင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်းနှင့် သဘောတရား အတွေးအခေါ်များ၊ လူနာဆန်းစစ်ခြင်း၊ သတိလစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းအကြောင်းနှင့် ပတ်တီးစည်းနည်းများကို သင်တန်းနည်းပြ ၉ ဦးက စာတွေ့လက်တွေ့များဖြင့် သင်ကြား ပို့ချကြသည်။
အဆိုပါသင်တန်းသို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ များ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၊ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သူများ၊ ဧည့်လမ်းညွှန်များ၊ အငှားယာဉ်မောင်းများ၊ လှေလုပ်သားများ NGO အဖွဲ့အစည်းများမှ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကာလ နိုဝင်ဘာ ၂၃ရက်နေ့မှ ၂၅ ရက်နေ့အထိ (၃) ရက် ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)