ပူတာအိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာ ပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေလှူဒါန်း

ပူတာအို  နို၀င်ဘာ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မဖြစ်မနေ Mask များတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Putao Dialogue Network အဖွဲ့မှတဆင့် ဒိန်းမတ်နိုင်ငံမှ ပေးပို့လှူ ဒါန်းသော Mask များအခမဲ့ဖြန့်ဝေလှူဒါန်းခြင်းကို ယမန်‌နေ့နံနက်ပိုင်းက ပူတာအိုမြို့ မြို့မစည်ပင် သာယာဈေးနှင့် စာပေနှင့်ယဉ်ကျေးမှုအသင်းများထံ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

" Putao Dialogue Network အဖွဲ့အနေနဲ့ Mask ဖြန့်ဝေတာက ဒုတိယအကြိမ်ဖြန့်ဝေတာဖြစ်ပါတယ်။ လူတွေကပေါ့ဆလာကြတယ်ပေါ့နော်။ အခု မြစ်ကြီးနား၊ ဖားကန့် စတဲ့ ကိုယ့်ရဲ့အနီးအနားမှာ Positive လူနာတွေ့တယ် ဆိုတော့ ပေါ့ဆလို့မရပါဘူး အမြဲ သတိနဲ့နေရမယ်။ အခုဈေးမှာဆိုရင်လည်း ရောင်းတဲ့ သူရော ၀ယ်တဲ့သူပါ Mask မတပ်တာများလာတဲ့အတွက် သူတို့ကိုအသိပေးပြီးမှ ဒီကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ဖို့ ပညာပေးရင်းနဲ့ ဖြန့်ဝေလှူဒါန်းရတာဖြစ်ပါတယ်" ဟု Putao Dialogue Networkအဖွဲ့ အတွင်းရေးမှူး ဒေါ်ချာ ယော်ရဲ့ကပြောသည်။

" ပြည်သူအနေနဲ့လည်း မဖြစ်မနေ နေ့စဉ်ဘ၀မှာ လှုပ်ရှားသွားလာရမှာဖြစ်တဲ့အတွက် ကျန်းမာရေးဌာန က ညွှန်ကြားထားတဲ့ အတိုင်းအပြင်သွားရင် Mask တပ်ကြမယ်၊ လက်ကိုသေချာဆေးမယ်၊ ဒါတွေကို ပြည်သူ တွေက သေချာလိုက်နာမယ်ဆိုရင် ကူးစက်နှုန်းလျော့လာမယ်။ ကူးစက်နှုန်းလျော့လာရင် အားလုံး အတွက်လည်း ကောင်းပြီးတော့ တာ၀န်ယူရတဲ့အစိုးရအတွက်လည်း တာ၀န်ပေါ့ပါမယ်။ ပြည်သူကလည်း ပြည်သူတာ၀န်လိုက် နာရင်အားလုံးအတွက် ဝိုင်း၀န်းကာကွယ်ပြီးသားဖြစ်တာပေါ့" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မြို့မစည်ပင်သာယာဈေးတွင် လျော်ဖွတ်ပြီးသုံးနိုင်သည့် ကလေးသုံး၊ လူကြီးသုံး၊ တစ်ခါသုံး Mask (၂၅၀၀) ခန့်နှင့် ရ၀မ်၊ လီဆူ၊ ရှမ်း၊ ဂျိမ်းဖောစာပေနှင့် ယဉ်ကျေးမှုအသင်းများအတွက် လူကြီးသုံး၊ ကလေးသုံး၊ တစ်ခါသုံး Mask (၆၀၀) စီဖြန့်ဝေလှူဒါန်းပေးခဲ့ပြီး ယ‌နေ့နံနက်ပိုင်းတွင်လည်း Putao Dialogue Network အဖွဲ့မှတစ်ဆင့် ဒိန်းမတ်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် Mask များကို ဌာနဆိုင်ရာ များနှင့်ပူးပေါင်းပြီး Mask Campaign ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)