ပူတာအို နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေး လုပ်ငန်းအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ကို ယနေ့နံနက် ၇ နာရီက လူစည်ကားရာ လမ်းဆုံလမ်းခွများနှင့် ဈေးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေး၊ လေယာဉ်ကွင်းဈေး၊ လေယာဉ်ကွင်းလမ်းဆုံ၊ ဟိုခိုလမ်းဆုံနှင့် ဟိုခိုဈေး များတွင် ဈေး၀ယ်ပြည်သူများနှင့် ဈေးရောင်းချပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း mask မဖြစ်မနေ တပ်ဆင်ရေးအတွက် Hand Speaker ဖြင့် စည်းရုံးလှုံ့ဆော်ခြင်း၊ mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် တပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း mask (၇၀၀)အား အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါ Mask Campaign ဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေ ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာနနှင့် လူမှုရေး အဖွဲ့အစည်း များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး Mask Campaign ဆောင်ရွက်ခြင်းအား ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန့်ဇင်ထွန်း၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် ကော်မတီဝင်များက ပါဝင်ကြပ်မတ် ဆောင်ရွက် ခဲ့ကြကာ ယနေ့အခမဲ့ဖြန့် ဝေခဲ့သော Mask အခု(၇၀၀)အပါအဝင် Mask (၄၈၉၀)ကို ပူတာအိုခရိုင် Dialogue Network အဖွဲ့က ပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး Mask Campaign ကို အပတ်စဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းညွှန့်(ပူတာအို)