ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဟိုပုံး နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ဟိုပုံးမြို့အတွင်းရှိ  ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရန်အသိပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း(Mask)များ (၃၀၀)ခု အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)