ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး၊ ဆရာ/ဆရာမများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

လွိုင်ကော်  အောက်တိုဘာ  ၆

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် လက်တွဲကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေပြီး ဒေသအခြေအနေအရ ယာယီရပ်နားခဲ့ရသော ကျောင်းများ၊ ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ယခုလ ၁၅ ရက်နေ့မှစ၍ ကျောင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ပါဝင်ဆောင်ရွက်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ ကျန်စစ်သားနှင့် အနော်ရထာ အိပ်ဆောင်များ၊ စာသင်ခန်းများနှင့် စားရိပ်သာများ၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးခန်းများကို ကျောင်းဖွင့်ချိန်တွင် အဆင်သင့်ဖြစ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုပြီး အဆိုပါနေရာများ ဝင်/ထွက်သွားလာရာတွင် အဆင်ပြေစေရေး လမ်းများဆောင်ရွက်ရေး၊ ကျောင်းဝန်းအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ စားရိပ်သာရှိ ယခင်ရေသန့်စက်အား ပြန်လည်ပြုပြင်ရေး၊ စာသင်ဆောင်၊ အိပ်ဆောင်များနှင့် သန့်စင်ခန်းများတွင် လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှု မရှိစေရေး၊ ကယားသဇင်ခန်းမဆောင်အား အမြဲအသုံးပြုနိုင်ရန် အဆင်သင့်ဖြစ်စေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။        

ထို့နောက် သဇင်ဆောင်ခန်းမ၌ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားခဲ့ကာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံပေးနေမှုများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေး၊ နေထိုင်ရေး၊ စားသောက်ရေးကိစ္စများအား တတ်အားသရွေ့ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက ယခုလ ၁၅ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်မည့် အခြေအနေများ၊ နေထိုင်စားသောက်ရေး၊ သင်ကြားမှု သင်ယူမှု၊ ပုံမှန်သင်တန်းများအတွက် စာသင်ဆောင်နှင့် အိပ်ဆောင်များဆောင်ရွက်ထားသည့် အခြေအနေများနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ယခုပြန်လည်တာဝန်ထမ်းဆောင်မည့် ဌာနကြီးမှူး၊ ပါမောက္ခ၊ နည်းပြနှင့် ဝန်ထမ်းများအတွက် ပြည်နယ်အစိုးရမှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ကော်ဖီမစ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။ 

ပြည်နယ်(ပြန်/ဆက်)