ဘိုကလေး နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်အဖွဲ့သည် ယမန်နေ့ ည(၆)နာရီအချိန်၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အဝင် သကံစစ်ဆေး ရေးဂိတ်တွင် ဘိုကလေးမြို့အဝင်အထွက်ဂိတ် စစ်ဆေးရေး ဂိတ်(၂)ခုအတွက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေကျပ်(၅)သိန်းအား စစ်ဆေးရေးဂိတ် တာဝန်ရှိသူများ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးဝင်းမှ စစ်ဆေးရေး ဂိတ်များတွင် တာဝန်ယူဆောင်ရွက်နေကြသူများအား တွေ့ဆုံကာ ချီးကျူးအားပေးစကား ပြောကြားကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် ဆောင်ရွက်နေမှုများအား အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်စေလိုကြောင်း၊ တာဝန်ယူဆောင်ရွက်နေကြသူများကိုလည်း ဂုဏ်ပြုချီးမြှင့်ရန် အစီအစဉ်များ ရှိကြောင်း ပြောကြားသည်။
ဘိုကလေးမြို့နယ်အနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသည့် ကာလတစ်လျှောက် ဖျာပုံ-ဘိုကလေး နယ်စပ် သကံစစ်ဆေးရေးဂိတ်နှင့် ဘိုကလေးမြို့၏ တစ်ဖက်ကမ်း သာပေါင်းစစ်ဆေးရေး ဂိတ်များတွင် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများမှ တညီတညွတ်ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း စဉ်များကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက် နေကြ ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)