ဖျာပုံမြို့တွင် ဖွင့်လှစ်ထားရှိသော ကိုဗစ် - ၁၉ ရောဂါစစ်ဆေးရေးဂိတ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးဝင်းက လိုက်လံကြည့်ရှု အားပေးပြီး ထောက်ပံ့ငွေများပေးအပ်

ဖျာပုံ  နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက် လျက်ရှိပြီး ယ‌နေ့နံနက် (၇) ခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးဝင်းက ဖျာပုံမြို့နယ်အတွင်းရှိ မြို့ဝင်မြို့ထွက်ဂိတ်(၃)ခုကို လိုက်လံကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ် ခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ စိုးဝင်း၊ ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူးဦးအေးလွင်၊ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးရေး မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ် (၃) ခုသို့သွားရောက်ခဲ့ပြီး စစ်ဆေးရေးဂိတ်များတွင်း ကိုဗစ် - ၁၉ ရောဂါစစ်ဆေးရေးလုပ်ငန်း‌ ဆောင်ရွက်‌နေမှု အခြေအနေနှင့် ခရီးသွား မှတ်တမ်းရယူနေမှု အခြေအနေ များအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးမှ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ Volunteer များအား တွေ့ဆုံအားပေး၍ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည်များသုံးစွဲရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေ (၅၀၀၀၀၀) အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့ နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါစစ်ဆေးရေးဂိတ်များအား ဖွင့်လှစ်ထားရှိပြီး အဆိုပါစစ်ဆေးရေး ဂိတ်များတွင် လိုအပ်သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်အား တစ်မြို့နယ်လျှင်(၅)သိန်းကျပ်နှုန်းစီ လိုက်လံထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)