ကျောက်ဆည်မြို့ အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများနှင့် အလှူငွေများ၊ ထမင်းထုပ်များ ပေးအပ်လှူဒါန်း

ကျောက်ဆည်  နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီးသို့ ယနေ့နံနက်(၈) နာရီက အလှူရှင်များက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ၊ ထမင်းထုပ်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လှူဒါန်းရာတွင် ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်မှ ဦးစိန်၊ ဦးငြိမ်း၊ ဒေါ်ညိုနှင့် တူ၊ တူမများက ငွေကျပ်(၁၄)သိန်း တန်ဖိုးရှိ PAPR(Powered Air –Purifying Respirators)(၂)ခု၊ ရန်ကုန်မြို့မှ ဦးအောင်မင်းနှင့်  ဒေါ်အေးအေးသန်း မိသားစုက Swab ယူမည့်အဆောက်အဦးဆောက်ရန်အတွက် ငွေကျပ်(၁)သိန်းနှင့် ဆေးရုံကြီး သို့ ငွေကျပ်(၅)သောင်း၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်မှ ဦးကျော်သန်းနှင့်ဒေါ်ခင်ဝင်းကြည် မိသားစုက ငွေကျပ် (၁)သိန်းနှင့် ဒေါ်ခင်ဝင်းမိသားစုက ငွေကျပ်(၁)သိန်း၊ ဆူးကုန်းရပ်ကွက်မှ ဦးအောင်ကျော်စိုး နှင့်ဒေါ်အေးအေးလွင်မိသားစုက အလှူငွေကျပ်(၁)သိန်း၊ အေးမြကြည်လင်ရပ်ကွက်မှ ဦးသန်းဌေးနှင့် ဒေါ်ခင်စန်းမြင့် မိသားစုက ငွေကျပ်(၁)သိန်း၊ ကျောက်ဆည်ခရိုင်လုံးဆိုင်ရာ ပရဟိတကွန်ယက်အဖွဲ့မှ PPE ဝတ်စုံ(၅၀)စုံ၊ မြင်းခြံမြို့ ငြိမ်းချမ်းရေးဆေးလိပ် မိသားစုက ဆေးရုံဝန်ထမ်းများအတွက် ထမင်းဘူး(၂၀၀)ဘူး အသီးသီးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
လှူဒါန်းမှုများကို ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ခဲ့ပြီး  လက်ခံရရှိသည့် အလှူငွေများနှင့်ပစ္စည်းများကို ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် စနစ်တကျသုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)