ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (လောပိတ) ရေထပ်မံမဝင်ရောက်စေရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု

လွိုင်ကော် အောက်တိုဘာ ၆

ဘီလူးချောင်းရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှ တစ်ဆင့် ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း စက်တင်ဘာလ ၃၀ ရက်မှစတင်၍ ရေများဝင်ရောက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်ရုံအတွင်း ရေထပ်မံဝင်ရောက်မှုမရှိစေရေး ရေကြီးရေလျှံမှုကာကွယ်နိုင်ရန်အတွက် အရှိန်အဟုန် ဖြင့် ဆောင်ရွက်ပေးလျက်ရှိနေသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (လောပိတ)သို့ ရောက်ရှိကာ စက်ရုံအတွင်း ရေဝင်ရောက်မှု ကာကွယ်ထားရှိမှုများ၊ စက်ရုံအတွင်း ရေများစုပ်ထုတ်ပေးနေမှုများနှင့် စက်ရုံနှင့်စက်ရုံဝန်းအတွင်း ရေကျဆင်းစေရေး ဆောင်ရွက်လျက်ရှိနေမှုများအား အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးရေလျှံမှုကာကွယ်ရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စက်ရုံဝန်ထမ်းများနှင့် လုပ်အားပေးဆောင်ရွက်နေသော ကျေးရွာသူ ကျေးရွာသားများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် အမှတ်(၂)စက်ရုံနှင့် ဆက်သွယ်ရေး ပြတ်တောက်ခြင်းမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး(Star Win)စက် (၁)စုံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၁)စက်ရုံနှင့် အမှတ်(၂) စက်ရုံအကြား ရေလွှမ်းဧရိယာနေရာသို့ ရောက်ရှိကာ ပြည်နယ်အစိုးရအဖွဲ့မှ စီမံပေးထားသည့် Backhoe ယာဉ် (၄) စီးဖြင့်  ရေတားတမံအသစ် ဆောင်ရွက်နေမှုများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာသူကျေးရွာသားများက ရေတားတမံလုပ်ငန်းစုပေါင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ ရေစီးကြောင်းအား မူလချောင်းရိုးအတွင်း ပြန်လည်စီးဝင်စေရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကာ လုပ်အားပေးပါဝင်ဆောင်ရွက်နေကြသူများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ရေလွှမ်းမှုလျှော့ချနိုင်ရန်အတွက် အမှတ်(၁) စက်ရုံမှ အမှတ်(၂) စက်ရုံတို့အကြား ဆက်သွယ်ထားသည့် ကွန်ကရိရေမြောင်းအား ယာယီဖောက်ချ၍ ဘီလူးချောင်း ချောင်းရိုးဟောင်းအတွင်းသို့ ရေလွှဲဆောင်ရွက်ထားသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် (၁၆) ခုတင်ဆံ့ လောဓလေးတိုက်နယ်ဆေးရုံသို့ ရောက်ရှိ၍ ဆေးရုံတာဝန်ခံဆရာဝန်က ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများထပ်မံ တာဝန်ချထားနိုင်ရေး၊ ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ကျ ဆရာဝန်နှင့် သူနာပြုဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် စက်တင်ဘာလ ၃၀ ရက်က ရေစတင်ဝင်ရောက်ခဲ့သည်။  စက်ရုံအတွင်း ယနေ့ရေအခြေအနေမှာ ယခင်ကထက် ၆ လက်မခန့် ကျဆင်းလျက်ရှိပြီး ရေများထပ်မံကျဆင်းစေရေးနှင့် စက်ရုံအမြန်ပြန်လည်လည်ပတ်နိုင်ရေးကို တာဝန်ရှိသူများက ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)