ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက် ရေလှောင်တမံဖြစ်သည့် နွယ်ချောင်းဆည် ရေလှောင်တမံကို ၂၀၂၀-၂၀၂၁ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၀၀၀)ဖြင့် စတင်တည်ဆောက်သွားမည်

ဟားခါး         နိုဝင်ဘာ    ၂၄

ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက် ရေလှောင်တမံဖြစ်သည့် နွယ်ချောင်းဆည် ရေလှောင်တမံကို သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးနှင့် ပတ်ဝန်းကျင်သာယာလှပရေး ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း (၂၀၀၀)ဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (ခန့်မှန်း)တွင် စတင်တည်ဆောက်သွားမည်ဟု သိရသည်။

အဆိုပါ နွယ်ချောင်းဆည် ရေလှောင်တမံသည် ဟားခါးမြို့၏ တစ်မိုင်ခန့်အကွာတွင် တည်ရှိ၍ ချောင်း(၃)ခုဆုံရာ နေရာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တမံအမျိုးအစားမှာ မြေသားတမံ အမျိုးအစားဖြစ်ပြီး တမံ၏(ကနဦးလျာထား အတိုင်းအတာ) အမြင့် ၉၅ ပေ၊ တမံ၏အလျား ၈၂၀ ပေနှင့် ကန်ရေပြည့်သိုလှောင် နိုင်သည့်ပမာဏ ၂၅၆၀ ဧကပေ(ဂါလံ ၆၉,၁၂၀၀,၀၀ဝိ/-)နှင့် အသုံးပြုနိုင်သည့် ရေပြည့်ရေလှောင်ပမာဏမှာ ၂၁၁၄ ဧကပေ (ဂါလံ ၅၇၀,၇၈၀,၀၀၀)ဖြစ်ကြောင်း၊ ရေထုတ်ပြွန် အမျိုးအစားမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး အကျယ် ၄ ပေအမြင့် ၆ ပေ၊ သံကူကွန်ကရစ်ရေပိုလွှဲ အမျိုးအစား ဖြစ်ကြောင်း၊ တမံတည်ဆောက်ကာလမှာ ၃ နှစ်(ခန့်မှန်း)ကြာမြင့်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်အတွင်းတွင် ပထမဦးဆုံးဆည်မှာ အထက်လိုင်ဗားဆည်ရေလှောင်တမံ၊ ဒုတိယဆည်မှာသီကီရ်ဆည် ရေလှောင်တမံ၊ တတိမြောက်ဆည်မှာ အောက်လိုင်ဗား ရေလှောင်တမံနှင့် စတုတ္ထ ဆည်ရေလှောင်တမံအဖြစ်  နွယ်ချောင်း ရေလှောင်တမံကို တည်ဆောက် သွားမည်ဖြစ်ပြီး ဆည်တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဒေသခံပြည်သူအတွက် နေ့စဉ်လိုအပ်လျက်ရှိသော သောက်သုံးရေ ဖြန့်ဝေပေးသွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)