သီပေါ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု မြန်ဆန်ပြီး များပြားလာတဲ့အတွက် မြို့အဝင်/အထွက်စစ်ဆေးရေး ဂိတ်များတွင် စနစ်တကျ စစ်ဆေးဆောင်ရွက်ကြရန်၊ နေ့ရက် အလိုက် တာဝန်ကျဌာနများမှ အလေးထားလိုက်နာ ဆောင်ရွက် သွားကြရန်၊ Stay Home ကာလအတွင်း စစ်ဆေးရေးဂိတ်တွင် သေချာကြပ်မတ် စစ်ဆေး ဆောင်ရွက်သွားရန်၊ ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို သက်ဆိုင်ရာဌာနများမှ နေ့စဉ်ဆော်သြ ဆောင်ရွက်သွားရန်၊ စားသောက်ဆိုင်များနှင့် စျေးများတွင် သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရောင်းဝယ်မှုရှိ/မရှိ စစ်ဆေးခြင်းများကို ကြပ်မတ်ဆောင်ရွက်ရန်၊ Quarantine Centre များအား တိုးချဲ့ပြင်ဆင် ထားရှိရန်၊ ပြည်သူများ နှာခေါင်းစည်း(Mask)၊ မျက်နှာအကာ (Face Shield)များ မဖြစ်မနေတပ်ဆင်သွားလာရေး လူထုလှုပ်ရှား မှု စီမံချက် (Mask and Face Shield Campaign) အား ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအားလုံး ဆက်တိုက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်၍ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန်နှင့် ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ် ဒေါက်တာမျိုးအောင်က ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ စည်ပင်သာယာရေး ဌာနဦးစီးအရာရှိမှ စျေးများနှင့် စားသောက်ဆိုင်များတွင် အသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌမှ လက်ရှိ ဆောင်ရွက်နေသည့် အသိပညာပေးခြင်း လုပ်ငန်းများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးပြီး သက်ဆိုင်ရာ ကဏ္ဍ အလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များ၊ ကျန်းမာရေး အထောက်အကူအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)