မိုင်းနောင် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်ငွေမိုး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူလူထုများ နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း (mask) တပ်ဆင်ရန်၊ လူစည်ကားသည့်နေရာများတွင် သတိပေးနှိုးဆော်မှု၊ အရေးယူမှုများ ပူးပေါင်းဆောင်ရွက်ရန်၊ ပျံကျစျေးအတွင်း ရောင်းဝယ်နေသော စျေးရောင်းစျေးဝယ်များ မဖြစ်မနေနှာခေါင်းစည်း (mask)များ တပ်ဆင်ရန်နှင့်စျေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးရန်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့ဝင်/ မြို့ထွက်ဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များအား အလေးထား စစ်ဆေးခြင်း၊ စျေးနေ့များတွင် (mask)အခမဲ့ဖြန့်ဝေခြင်းများကို အဖွဲ့ခွဲ၍ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ကျစာရေးဝန်ထမ်းများ ပူးပေါင်းပါဝင် ပေးရန် ပြောကြားကာလိုအပ်သည့် အစီအမံများ၊ လိုအပ်ချက်များကိုလည်း အစည်းအဝေး တက်ရောက်လာသူများက ဖြည်စွက်ဆွေးနွေးပေးခဲ့ပါကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
မိုင်းနောင် (ပြန်/ဆက်)