လွိုင်ကော် အောက်တိုဘာ ၁၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသအတွင်း ပြန်လည်ဝင်ရောက်နေထိုင်၍ လုပ်ငန်းတာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများသည် မိမိတို့၏လုပ်ငန်းများကို စိတ်အေးချမ်းသာစွာနေထိုင်၍ ထမ်းဆောင်နိုင်ကြရန် စုပေါင်းအိမ်ရာများကိုလည်း စဉ်ဆက်မပြတ် ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ပြည်နယ်အစိုးရအဖွဲ့၏ ပြန်လည်ထူထောင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် တိုက်အမှတ်( ၃၃ ၊ ၃၅ ၊ ၃၆ ၊ ၃၇)နှင့် မြို့နယ်ဦးစီးမှူးရုံး ဆောင်ရွက်ပြီးစီးမှုများ၊ အဆိုပါအိမ်ရာများတွင် ဒေသအတွင်း လုပ်ငန်းတာဝန်များကို ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည့် ဝန်ထမ်းများအား နေရာချထားမည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် တိုက်အမှတ် (၇ ၊ ၁၀ ၊ ၁၇ ၊ ၁၈ ၊ ၂၄ ၊ ၂၉ ၊ ၃၀၊ ၃၁ ၊ ၃၂) များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာ (၄)လုံးတွင် ပြန်လည်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ ပြောင်းရွှေ့နေထိုင်နိုင်ရေး တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အမြန်နေရာချထားပေးရေး၊ လက်ရှိဆောက်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ (၉)လုံးအား လာမည့်လ ပထမပတ်အတွင်း ပြီးစီးရေး၊ အဆိုပါ ဝန်ထမ်းအိမ်ရာများရှိ ရေ၊ လျှပ်စစ်မီး၊ ရေချိုးခန်း၊ မီးဖိုခန်း၊ သန့်စင်ခန်း စသည်များ အဆင်ပြေကောင်းမွန်မှုရှိစေရေး၊ အိမ်ရာသို့ ဝင်ထွက်သွားလာသည့် လမ်းများအား သန့်ရှင်းသပ်ရပ်စေရေး၊ အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရေး စသည်တို့ကို ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆောင်ရွက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာ (၄)လုံးနှင့် ဆက်လက်ဆောင်ရွက်နေသည့် ဝန်ထမ်းအိမ်ရာ(၉)လုံး၏ ပြင်ဆင်ထားရှိမှုများ၊ ပြုပြင်ဆောင်ရွက်ပြီးစီးသည့် အိမ်ရာအတွင်းအခန်းများ၊ ရေချိုးခန်း၊ မီးဖိုခန်း၊ သန့်စင်ခန်းများ၏ ဖွဲ့စည်းမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊ အိမ်ရာများ၏ အဝင်အထွက်လမ်းများနှင့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
လွိုင်ကော်ဒေသအတွင်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် မြို့များရှိ ပြည်သူများ၏ နေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းစုပေါင်းအိမ်ရာများ၊ စာသင်ကျောင်းများ၊ လမ်း/တံတားများ၊ ဈေးများ ပျက်စီးဆုံးရှုံးခဲ့မှုများဖြစ်ပေါ်ခဲ့သည်။ ယခုအခါ ပြည်နယ်အစိုးရအဖွဲ့သည် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် လက်တွဲကာ ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဌာနဆိုင်ရာ ဝန်ထမ်းအင်အား၏ (၆၀)ရာခိုင်နှုန်းခန့် ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)