ကန်ပက်လက်မြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ကန်ပက်လက်           နိုဝင်ဘာ         ၂၄

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံမှဆင်းခွင့်လက်မှတ်ထုတ်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်အဆောင်ရှေ့တွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

အဆိုပါပိုးတွေ့လူနာမှာ မန္တလေးမြို့မှ ကန်ပက်လက်မြို့သို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန် လာရောက်သူဖြစ်ပြီး ကျန်းမာရေးဌာနမှ Swab Test RDT စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ရက်ပြည့်သွားသည့်အပြင် လူနာမှာပြန်လည်နေကောင်းကျန်းမာလာသဖြင့် ဆေးရုံးဆင်းခွင့် လက်မှတ် ထုတ်ပေးရခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ဆရာဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ကန်ပက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေး မြို့ဝင်ဂိတ်ကျန်းမာရေးစစ်ဆေးမှုများ၊ ပိုးတွေ့ရှိထားသည့်မြို့မှ လာရောက်သူများအား Facility Quarantine ထားရှိခြင်းများ၊ ကုန်တင်ယာဉ်မောင်းနှင့် နောက်လိုက်များအား ကျန်းမာရေးစစ်ဆေးမှုများနှင့် အခြားကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုလိန်း(ပြန်/ဆက်)