တာချီလိတ် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှ ကုန်စည်များသည်ယူကူးသန်း နေသည့် ယာဉ်မောင်းများအနေဖြင့် ကိုဗစ်-၁၉ ကင်းစင်ကြောင်း ကျန်းမားရေးစစ်ဆေးချက် လက်မှတ်ပါရှိမှသာလျှင် ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ခရိုင် ကိုဗစ်ကာကွယ်တားဆီးထိန်းချုပ်ရေး ကြီးကြပ်မှုကော်မတီ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွန်ကြားချက်အရ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေစေရန် မြန်မာနိုင်ငံဘက်မှယာဉ်မောင်းများ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေး၍ နှစ်နိုင်ငံသတ်မှတ်ချက်အတိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်လာကြောင်း၊ ထိုင်းနိုင်ငံသို့ကုန်စည်သည်ယူပို့ဆောင်လိုသူ ယာဉ်မောင်းများအနေဖြင့် ကိုဗစ်-၁၉ ကင်းစင်မှသာ ခွင့်ပြုမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှု ကုန်ကျစရိတ်ကို သက်ဆိုင်ရာကာယကံရှင်မှ ကျခံရမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူရန်အတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွန်ကြားမှုဦးစီးဌာနရုံးသို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၂၄) ရက်နေ့မှ စတင်အမည်စာရင်းပေးပို့ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်ဟု ခရိုင်ကိုဗစ် -၁၉ ကာကွယ်တားဆီးထိန်းချုပ်ရေး ကြီးကြပ်မှုကော်မတီ တာချီလိတ်မြို့ဟု အသိပေးကြေငြာချက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂)မှ ကုန်တင်မော်တော်ယာဉ်များ နေ့စဉ်အစီးရေ ၂၀၀ ခန့် ဖြတ်သန်းလျက်ရှိပြီး ကုန်စည်တန်ချိန်များစွာ ဖြတ်သန်းစီးဆင်းလျက်ရှိကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)