ကြံခင်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ပြန်လည်ဖွင့်လှစ်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များအား မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အညီ ဆောင်ရွက်နိုင်ရန် ယခင်ပါဆယ်စနစ်ဖြင့် ရောင်းချခွင့်ပြုထားရာမှ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး အတွက် စစ်ဆေးချက်ဇယားများအပေါ် (A)အဆင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ဆိုင်များအား ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို စစ်ဆေးခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးမှ သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)