ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့်ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် အောက်တိုဘာ ၁၃

လွိုင်ကော်ဒေသအတွင်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒေသအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက်လည်း အစဉ်တစိုက် လုပ်ဆောင်ပေးလျက်ရှိသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည်  ယမန်နေ့ နံနက်က ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၊ အစည်းအဝေးခန်းမ၌ ကျောင်းဖွင့်ရာသီတွင် တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအနေဖြင့် ယခုကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ဆောင်ရွက်ချိန်တွင် ဒေသအတွင်းပြန်လည်ဝင်ရောက်နေထိုင်၍ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုကို မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံပေးနေမှုများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ပညာသင်ကြားရေးကိစ္စများကို လည်း စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းစသည်ဖြင့် ပြောကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခိုင်ဇော်နိုင်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ် ဒေါက်တာသင်းသင်းထွေးတို့က ယခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းဖွင့်ချိန်တွင် အသင့်ဖြစ်စေရေးဆောင်ရွက်ထားရှိမှုများ၊  လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်းက ယခုလ ၁၅ ရက်နေ့တွင် ကျောင်းပြန်လည်ဖွင့်လှစ်မည့်ဖြစ်ရာ သင်တန်းသားများရောက်ရှိမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီး ဦးဆန်းလင်းဗိုလ်က ကျောင်းပြန်လည်ဖွင့်လှစ်မည့်အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို အသီးသီးတင်ပြခဲ့ကြသည်။  ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ၎င်းတို့၏ အခက်အခဲများကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။  ပြန်လည်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်များကို ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)အတွင်း ကျောင်းဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိသည့် ရုံးခန်း၊ စာသင်ခန်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသားအိပ်ဆောင်၊ စားရိပ်သာ၊ ရေချိုးခန်း၊ သန့်စင်ခန်းများအား ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး   စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ 

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ ရောက်ရှိကာ ယခုပညာသင်နှစ်အတွက် သင်တန်းသားများအတွက် ရုံးခန်း၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာသင်ခန်း၊ အားကစားခန်းမ များစသည့် ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ် ဒီဇင်ဘာလအတွင်း သင်တန်းပြန်လည်ဖွင့်လှစ်ချိန်တွင် သင်တန်းသားများ ပညာသင်ကြားရာ၌  အဆင်သင့်ဖြစ်စေ‌ရေး ကြိုတင်ပြင်ဆင်ထားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် လွိုင်ကော်မြို့နယ်အတွင်း ရေများပြန်လည်ကျဆင်းသည့် မင်းစုနှင့်ရှမ်းစုရပ်ကွက်ရှိ လောပိတ၊ မြဝတီ၊ မင်းကျောင်းနှင့် ကန္ဒရဝတီလမ်းများ၌ တပ်မတော်မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ဆိုင်ခန်းများပြန်လည်ဖွင့်လှစ်ရောင်းချနေမှုများနှင့် ကန္ဒရဝတီတံတားကြံ့ခိုင်ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး ပါဝင်ဆောင်ရွက်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။ ဝန်ကြီးချုပ်က လွိုင်ကော်မြို့ကို သန့်ရှင်းသာယာလှပသော မြို့တစ်မြို့ဖြစ်လာစေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်သွားရန်တာဝန်ရှိသူများကို မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။  

ပြည်နယ်(ပြန်/ဆက်)