ကျောက်ပန်းတောင်းမြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချနိုင်ရေးအတွက် ကျန်းမာရေး စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ နိုင်စေရေးအတွက်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်ညီညွတ်မှု ရှိ/မရှိ ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့ပေါင်းစုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလှိုင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာသက်ဦးနှင့် ကျန်းမာရေးတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးချမ်းငြိမ်းနှင့် ဝန်ထမ်းများ လိုက်ပါလျက် ကျောက်ပန်းတောင်းမြို့၊ ရန်ကုန်-ပြည်-မန္တလေး လမ်းမကြီးဖြစ်သော မြို့လယ် လမ်းမကြီးတစ်လျှောက် ဝဲ/ယာရှိစားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဝင်ရောက်စစ်ဆေး၍ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထား သည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည့် အချက်(၁၁)ချက်နှင့် ဆိုင်တာဝန်ရှိသူ ဝန်ထမ်းများ လိုက်နာရမည့် အချက်(၇)ချက်ပါ စည်းကမ်းသတ်မှတ်ချက်များကို အသိပေးရှင်းလင်းခြင်းများဆောင်ရွက်ပြီး၊ ၎င်းအချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ပြီးစီး သည့် ဆိုင်များအနေဖြင့် မှတ်တမ်းဓာတ်ပုံနှင့်တကွ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့သို့တင်ပြ၍ ဖွင့်လှစ်ခွင့် လျှောက်ထားသွားရမည် ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားသည့် ဆိုင်များအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်၍ ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)