လွိုင်ကော် အောက်တိုဘာ ၁၄
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်း ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် နေရာဒေသများ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခံရမှု၊ ထိခိုက်စေမှု၊ ဆုံးရှုံးစေမှုများမှ ကာကွယ်ပေးနိုင်ရန်၊ လျှော့ချပေးနိုင်ရန်၊ လျော့ပါးစေရန်နှင့် သဘာဝဖြစ်စဉ်များအပေါ် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဖြန့်ဝေခြင်းစသည့် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ကယား ပြည်နယ်အတွင်း တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့၍ ဘီလူချောင်းနှင့် ပွန်ချောင်းတို့တွင် ချောင်းရေမြင့်တက်ခဲ့ပြီး လွိုင်ကော်နှင့်ဘောလခဲမြို့တို့တွင် ရေကြီးရေလျှံမှုူများ ဖြစ်ပွားခဲ့ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့သည် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးခြင်း၊ ကျောင်းသူကျောင်းသားများအတွက် ကျောင်းများစီမံဖွင့်လှစ်ပေးခြင်း၊ လှူဒါန်းမှုများအားလုံးကို ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ မျှတစွာရောက်ရှိအောင် စီမံပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီနှင့် ဖြစ်ပွားနေစဉ် လုပ်ဆောင်ရမည့်ကိစ္စရပ်များကို ထိထိရောက်ရောက် လုပ်ဆောင်ပါက ကြုံတွေ့နိုင်သည့် ဆုံးရှုံးမှုများလျှော့ချနိုင်မှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အရင်းအမြစ်များကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏ သဝဏ်လွှာ သတင်းစကားရုပ်သံ Video Clip ပြသခြင်း၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်တွင် ဆုရရှိကြသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ချီးမြှင့်ကြရာ ဆုရရှိကြသူများက အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ် ဇာတ်လမ်းဗီဒီယိုအား ပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကာ အထိမ်းအမှတ်ပြခန်းအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)