ဆီဆိုင်မြို့နယ်အတွင်းကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဆီဆိုင်          ဇန်နဝါရီ        ၉

ဆီဆိုင်မြို့နယ်အတွင်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မှ မြန်မာနိုင်ငံရဲ့ တိကျခိုင်မာတဲ့ လူဦးရေစာရင်းအင်း၊ စီးပွားရေးဆိုင်ရာစာရင်းအင်းများ အချိန်နှင့်တစ်ပြေးညီဖြစ်ဖို့အတွက် ၂၀၁၉ ခုနှစ်၊ ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူရေးကို နိုင်ငံတော်သမ္မကရုံးက ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ဆီဆိုင်မြို့နယ်အတွင်း ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇)အုပ်စု အတွင်းရှိ ကောက်ကွက်(၉)ကွက်ဖြင့် မြေပြင်ကွင်းဆင်းစစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းဝင်းမှ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်အတွင်းတွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်ခေါင်စာရင်းကို ဇန်နဝါရီ ၁၅ ရက်မှ ၂၅ ရက်နေ့ထိ မြေပြင်ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)