လွိုင်ကော် အောက်တိုဘာ ၁၆
လွိုင်ကော် ပညာရေးဒီဂရီကောလိပ် B.Ed ပညာရေးဘွဲ့ စာပေးစာယူသင်တန်း (၄/၂၃) ဒုတိယနှစ်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်က အဆိုပါကျောင်း ကယားသဇင်ခန်းမ၌ ကျင်းပရာ စာပေးစာယူ သင်တန်းသား၊ သင်တန်းသူများက “မြတ်ဆရာ” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်တွင် ဒေသအခြေအနေများအရ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများကို ယာယီပိတ်ထားခဲ့ရပြီး ယခုပြန်လည် ဖွင့်လှစ်သည့်ကျောင်းသည် ပထမဦးဆုံးဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်၏ ပညာရေးကဏ္ဍကို ဦးစားပေးရင်းနှီးမြှုပ်နှံ၍ လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးသည် နိုင်ငံတစ်နိုင်ငံ အောင်မြင်ကြီးပွားရေး၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာ ဆရာ၊ ဆရာမများ၏ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းတွင်ရှိသော ပညာရေးဒီဂရီကျောင်းများတွင် ပညာရေးဘွဲ့၊ စာပေးစာယူသင်တန်းများ ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို သေချာစွာ လေ့လာသင်ယူကြရန် လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရန် လုံခြုံရေး၊ သန့်ရှင်းရေး၊ နေထိုင်ရေး၊ စားသောက်ရေးနှင့် အခြားသောအုပ်ချုပ်မှုဆိုင်ရာကိစ္စများကို စီမံဆောင်ရွက်ပေးထားကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းအတွက်ပေးအပ်သော ထောက်ပံ့ငွေများ၊ သင်တန်းသား (၄၀)ဦးအတွက် စားစရိတ်များ၊ သုတရသ စာအုပ်(၃၀၀)အုပ်၊ စားရိပ်သာသုံးပစ္စည်းများဝယ်ယူရန် ထောက်ပံ့ငွေများကို လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသို့ပေးအပ်သည့် ထမင်းပေါင်းအိုးနှင့် လျှပ်စစ်ဒယ်အိုးတစ်စုံစီအားလည်းကောင်း ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ အသီးသီးကလက်ခံရယူကြသည်။
ယင်းနောက် အဆိုပါကျောင်း ဆရာ၊ ဆရာမများက “တစ်မိုးတစ်မြေ” သီချင်းဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားတွင် ကပြဖျော်ဖြေခဲ့ကြသည့် အဖွဲ့(၂)ဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စွာထွန်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းအုပ်ဆရာမကြီးရုံးခန်း၊ ကျောင်းစာကြည့်တိုက်နှင့် စာသင်ခန်းများ ပြင်ဆင်ထားရှိမှု၊ သင်တန်းသားများအား သင်ကြားနေမှု၊ စားရိပ်သာနှင့် စားရိပ်သာအတွင်း ချက်ပြုတ်နေမှုနှင့် သင်တန်းသားအိပ်ဆောင်များသို့ လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းဖွင့်ရာသီအမီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ယနေ့ဖွင့်လှစ်သော လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းသည် ပထမဆုံးဖြစ်ပြီး လာမည့်နိုဝင်ဘာလတွင် နည်းပညာတက္ကသိုလ်(လွိုင်ကော်)၊ ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ ဖွင့်လှစ်သွားနိုင်ရေး လိုအပ်သည်များကို ပံ့ပိုးကူညီ စီမံထားပေးပြီးဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)