အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ဆန်ရိက္ခာဖိုး ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများသို့ ထောက်ပံ့ပေးအပ်ပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

လွိုင်ကော် အောက်တိုဘာ ၁၆

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည့် အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသောဆန်တန်ချိန် (၂၀.၂၁) တန်အား ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လွိုင်လင်လေးမြို့ရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၅၈)စုသို့ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် ဆန်ရိက္ခာဖိုး တစ်လစာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ်မှစတင်၍ ပြည်နယ်အတွင်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် မြို့၊ ရွာများပါမကျန် ဒေသမတည်မငြိမ်ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအခါ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို  နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်များနှင့်ပူးပေါင်း၍ ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုများကလည်း မြို့ရွာများ ဖွံ့ဖြိုးရေးနှင့် မိမိတို့၏မူလစီးပွားရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အရင်းအနှီး၊ နည်းပညာစသည်တို့ကို ပံ့ပိုးကူညီပေးသွားရန် ပြည်နယ်အစိုးရအဖွဲ့မှ စီမံထားရှိပြီးဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာစခန်း (၁၉) ခုရှိပြီး ပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေး စသည့် ကိစ္စများအတွက်လည်း မျက်ခြည်မပြတ် ကြည့်ရှုစီမံဆောင်ရွက်ပေးလျက်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ အာဆီယံအပေါင်းသုံးအရေးပေါ် ဆန်ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် (၂၀.၂၁) တန်အား ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု (၅၂၀) စု၊ လူဦးရေ (၂၈၈၇) ဦးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လွိုင်လင်လေးမြို့ရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၅၈) စု၊ လူဦးရေ (၁၉၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် ဆန်ရိက္ခာဖိုး တစ်လစာတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာပြည်သူများက အသီးသီး လက်ခံရယူကြသည်။

ထို့နောက် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာပြည်သူများက ပန်ကန်းကျေးရွာအုပ်စုရှိ စိုက်ဧက (၂၂၀) ကျော်တွင် စပါးများပြန်လည်ရိတ်သိမ်းနိုင်ရေးနှင့် လယ်ယာကုန်ထုတ်လမ်းအား အသုံးပြုနိုင်ရေး၊ ယာယီနေရပ်စွန့်ခွာစခန်းများ၌ အုပ်ချုပ်မှုလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို အသီးသီးတင်ပြကြရာ ဝန်ကြီးချုပ်က တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များ ကူညီထောက်ပံ့ပေးရန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)