ညောင်ဦး နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ မီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာများအနက် ယမန်နေ့က ကျေးရွာလေးရွာအား နိုင်ငံတော် ဓာတ်အားစနစ်မှ မီးလင်းပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်ဂျာ ဦးဝင်းလွင်ထံက သိရသည်။
အဆိုပါ မီးလင်းခဲ့သည့် ကျေးရွာများမှာ ညောင်ဦးမြို့နယ် ပန်းကုန်းပင်ကျေးရွာ အုပ်စုရှိ ပန်းကုန်းပင်ကျေးရွာ၊ မြေနီကျေးရွာအုပ်စုရှိ ထက်ယာကုန်း ကျေးရွာ၊ ပျဉ်းချောင်း ကျေးရွာအုပ်စုရှိ ပျဉ်းချောင်းကျေးရွာနှင့် စုတည်ကျေးရွာအုပ်စုရှိ စုတည်ကျေးရွာတို့ဖြစ်ပြီး အဆိုပါ ကျေးရွာများမီးလင်းရေး အတွက် လိုအပ်သည့် (၁၁) ကေဗွီဓာတ်အားလိုင်းနှင့် (၁၁. ၀.၄) ကေဗွီထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တပ်ဆင်တည်ဆောက်ပေးခဲ့ပြီး ကျေးရွာတွင်း (၄၀၀) ဗို့ဓာတ်အားလိုင်းအား ကျေးရွာသူ၊ ကျေးရွာသားများ၏ ပူးပေါင်းပါဝင်ငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်က ပြောသည်။
ညောင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း (၁၈၈) ရွာရှိရာ ယခုမီးလင်းသည့်ကျေးရွာ အပါအဝင် (၁၃၇) ရွာ၊ (၇၂.၈၇) ရာခိုင်နှုန်း နိုင်ငံတော် ဓာတ်အားစနစ်မှ မီးလင်းပြီးဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာရှိ နေအိမ်များအား အိမ်သုံးမီတာ လျှောက်ထားတပ်ဆင်ခြင်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ညောင်ဦးမြို့နယ်ရှိ ကျေးရွာများနှင့် ငါ့သရောက်မြို့ရှိ ကျေးရွာများ မီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ပုံငွေကျပ်သန်း (၁၆၄၅) ကျော် ကျခံသုံးစွဲလျက်ရှိကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်ထံက သိရသည်။
ကိုထိန်၊KPD