မူဆယ် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှုရှိ/မရှိ စစ်ဆေးခြင်းကို မူဆယ်မြို့၊ ကျန်းမာရေးဌာနမှ (၂)ရက် တစ်ကြိမ် ရယူဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသားတစ်ဦးထံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိကြောင်း မူဆယ်မြို့၊ လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး ဆပ်မကော်ထံမှ သိရသည်။
“နိုဝင်ဘာလ(၁၈)ရက်နေ့မှာ နေရပ်ပြန်ပြည်သူတစ်ဦးထံက ရောဂါပိုးတွေ့ရှိခဲ့ပါတယ်၊ လက်ရှိမှာတော့ မူဆယ်ခရိုင်၊ ပြည်သူ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်၊ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါတယ်၊ နေရပ်ပြန် ပြည်သူတိုင်းကို စနစ်တကျ စစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိရင် နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်”လို့ မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေးအဖွဲ့၊ လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးအောင်မိုးလွင်က ပြောကြားသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ ပိုးတွေ့လူနာကို မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ စနစ်တကျ ဆေးကုသမှုခံယူလျက်ရှိပြီး ပိုးတွေ့ လူနာနှင့် အနီးကပ်ထိတွေ့သူ စုစုပေါင်း (၃)ဦးတို့ကို မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်းရှိ စောင့်ကြည့်လူနာဆောင်၌ စနစ်တကျ စောင့်ကြည့်ထားကြောင်းသိရသည်။
(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ ယနေ့ချိန်အထိ မူဆယ်မြို့သို့ နေရပ်ပြန် စုစုပေါင်း(၉၀၀)ကျော် ဝင်ရောက်လက် ခံခဲ့ပြီး နေရပ်ပြန်ပြည်သူများ၏ စားစရိတ်၊ နေစရိတ်များနှင့် အခြားလိုအပ်ချက်များကို မူဆယ်မြို့၊ အလှူရှင်တစ်ချို့က ကူညီ လှူဒါန်းပေးသည်။ မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ အဖွဲ့က လက်ခံခြင်း၊ နေရာ ချထားခြင်း၊ ဆေးစစ်ခြင်း၊ ပြန်လည်ပို့ဆောင်ပေးခြင်းတို့ကို စနစ်တကျစီမံဆောင်ရွက်ပေးသည်။ ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ နေရပ်ပြန်ပြည်သူများကို (၂) ရက် တစ်ကြိမ်နှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိတို့ကို မူဆယ် မြို့၌ ပုံမှန်စစ်ဆေး ပေးလျက်ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)