နမ့်ဆန် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကာလအတွင်း ဆေးရုံပြုပြင်ဖြည့်စွက်ရန်လိုအပ်သည့်နေရာများတွင် အသုံးပြု နိုင်ရန်အတွက် ဆေးရုံအကျိုးတော်ဆောင်ကော်မတီအဖွဲ့မှ ယနေ့နံနက် (၁၀)နာရီအချိန် က အလှူငွေ ကျပ်သိန်း(၁၀၀) လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့ရှိလာပြီးနောက် မြို့နယ်တာဝန်ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ တက်ကြွလူငယ်များတို့က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် တိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး ကာလအတွင်း မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုပြင်ဖြည့်စွက်ခြင်းလုပ်ငန်းနှင့် ဆေးရုံအတွက် လိုအပ်သည့်နေရာများတို့တွင် အသုံးပြုသွားနိုင်ရန်အတွက် ဆေးရုံအကျိုးတော်ဆောင် ကော်မတီက ကျပ်သိန်း(၁၀၀)၊ မန္တလေးမြို့ ပလောင်လူမှုကူညီရေးအသင်းမှ ကျပ်(၁၀)သိန်း၊ တအာင်း(ပလောင်) အမျိုးသားပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းခိုင် (မိသားစု)မှ ကျပ်(၁)သိန်း၊ မမြင့်မြင့်ဆွေ (၃၂)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အတွက် အလှူငွေ ကျပ်(၁)သိန်း စုစုပေါင်း ကျပ်(၁၁၂)သိန်း တိတိကို ဆေးရုံအကျိုးတော်ဆောင်ကော်မတီ ဦးကျားတီနှင့်အဖွဲ့ဝင်များတို့က ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေ က လက်ခံရယူသည်။
အလှူငွေပေးအပ်ပြီးနောက်တွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မိုး (ရွှေဖီမြေ)