လွိုင်ကော်မြို့ ခုတင် (၅၀၀)ဆံ့ ဆေးရုံကြီး၊ အခြေခံပညာကျောင်းများအတွက် ရုံးသုံးပစ္စည်းများ၊ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ဆန်၊ ဆီ၊ ပဲနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

လွိုင်ကော် အောက်တိုဘာ ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း အမြဲမပြတ် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် အခြေခံပညာကျောင်း (၇) ကျောင်းအတွက် ရုံးသုံးပစ္စည်းများ၊ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ဆန်၊ ဆီ၊ ပဲနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ “ဝန်ထမ်းများအနေနှင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ပြီး မိမိတို့ဌာန၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာတာဝန်ခံများကလည်း မိမိလက်အောက် ဝန်ထမ်းများကို ကွပ်ကဲကြပ်မတ်ရန်လိုကြောင်း၊ ပြန်လည်ရောက်ရှိလာသည့် ဝန်ထမ်းများ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် နေထိုင်စားသောက်ရေးကိစ္စရပ်များ အဆင်ပြေစေရေး စနစ်တကျ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေဘေးဖြစ်ပွားချိန်တွင် ဝန်ထမ်းများအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြသည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လွိုင်ကော်မြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ အခြေခံပညာကျောင်း(၇)ကျောင်းအတွက် ရုံးသုံးပစ္စည်းများ၊ ဝန်ထမ်းများ အတွက် ဆန်၊ ဆီ၊ ပဲနှင့် ထောက်ပံ့ငွေများကို ပေးအပ်ကြရာ သက်ဆိုင်ရာဌာန အသီးသီးမှ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ယနေ့ထောက်ပံ့ခြင်းသည် သတ္တမအကြိမ်မြောက်ဖြစ်ပြီး လွိုင်ကော်မြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် အခြေခံပညာကျောင်း (၇) ကျောင်းအတွက် လိုအပ်သော ရုံးသုံးကိရိယာများနှင့် အထောက်အကူပြုပစ္စည်းများ၊ ဝန်ထမ်း (၆၃၂) ဦးအတွက် ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ပဲ စုစုပေါင်းငွေနှင့် ပစ္စည်းတန်ဖိုးငွေကျပ် (၁၁၁၅) သိန်းကျော်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)