နောင်တရား နိုဝင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ စဉ်ဆက်မပျက်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့တွင် ဒုတိယနေ့အဖြစ် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အထူးသင်တန်းကို Online စနစ်ဖြင့် ပို့ချလျက်ရှိကြောင်း သိရသည်။
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြေနီကုန်းကျေးရွာမှ သင်တန်းသား ၅ ဦးကို အထူးသင်တန်းအဖြစ် နိုဝင်ဘာလ ၂၃ရက်နေ့မှ ၂၅ ရက်နေ့အထိ Online မှတစ်ဆင့် သင်တန်းပို့ချလျက်ရှိသည်။ ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာသည် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအဖြစ် ရွေးချယ်ခံရပြီး အဆိုပါကျေးရွာအတွက် ကဏ္ဍသုံးခုဖြင့် စွမ်းဆောင်ရည် မြင့်မားရေးကဏ္ဍတွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း၊ လက်သန့်ဆေးရည်ပြုလုပ်နည်း သင်တန်းနှင့် မှိုစိုက်ပျိုးနည်း သင်တန်းကိုလည်းကောင်း၊ လူနေမှုပတ်ဝန်းကျင်တိုးတက်ရေး ကဏ္ဍတွင် အကျယ် ၁၅ ပေ၊ အရှည် ၂၀၀၀ ပေ၊ ထုထည် ၆ လက်မ၊ ဘေးနှစ်ဖက် ရေမြောင်းပါသည့် ကွန်ကရစ်လမ်းခင်းခြင်းကို လည်းကောင်း၊ ဝင်ငွေတိုးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အိမ်ထောင်စု (၄၄) စုအတွက် တစ်အိမ်ထောင်စုလျင် ချေးငွေ(၃၀၀၀၀၀)ကျပ်ကို ထုတ်ချေးပေးထား ကြောင်း နောင်တရားမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုးရီးယားနိုင်ငံ Climate Change Center နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်(၃၇)မြို့နယ်မှ ကျေးရွာ (၄၀)ရွာကို ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းအဖြစ် ရွေးချယ်အကောင်ထည်ဖော်လျက် ရှိသည်။ ရှမ်းပြည်နယ်အတွင်းတွင် လွိုင်လင်မြို့နယ်မှ ကောင်းပုံကျေးရွာ၊ ပင်လောင်းမြို့နယ်မှ မြေနီကုန်းကျေးရွာနှင့် နောင်ချိုမြို့နယ်မှ ဝါးဘိုးကုန်းကျေးရွာများ ရွေးချယ်ခံထားရကြောင်း သိရသည်။ ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာတွင် အိမ်ထောင်စု (၁၀၈)စုရှိပြီး စုစုပေါင်းလူဦးရေမှာ (၄၃၉)ဦးရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)