ဆီဆိုင် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကွင်း၊ ကွင်းအမှတ် ၉/၁ တောင်သူ ဦးစိုင်းလုံ၏ 202(ရှမ်းပေါ်ကျွဲ) ၁-ဧကကွက်တွင် CERP အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါး(RS-CS)မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း သရုပ်ပြပွဲကို နိုဝင်ဘာတတိယပတ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရိတ်သိမ်းခြွေလှေ့သရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ဒုတိယပြည်နယ် ဦးစီးမှူး ဦးဇော်ဝမ်း၊ ပြည်နယ် မြေ၊ မျိုး၊ ပိုး တာဝန်ခံများ၊ ခရိုင်ဦးစီးမှူး ဦးလှငြိမ်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများက တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစိုတင်း(၁၂၂.၆၃)တင်း၊ အခြောက် တင်း (၁၁၅.၅၀) တင်း ထွက်ရှိခဲ့ပြီး ဆီဆိုင်မြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက စုစုပေါင်း (၄၇၂၂၄)ဧကရှိရာ CERP အစီအစဉ်ဖြင့် SR-456(ရွှေရင်အေး)(၃၀)ဧက၊ 202(ရှမ်းပေါ်ကျွဲ)(၅၀)ဧက၊ DU-12(၁၀)ဧကနှင့် DU-16(၁၀) ဧက စုစုပေါင်းဧက(၁၀၀)စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း သိရသည်။
မျိုးစေ့အရည်အသွေးစစ်ဆေးခြင်းအား ပြည်နယ်မျိုးစေ့ဌာနသို့ ပေးပို့၍ ဆက်လက်စစ်ဆေးသွားမည် ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ရရှိလာသော မျိုးစေ့များအား တောင်သူအချင်းချင်း ဆက်လက် ဖြန့်ဝေနိုင်ရေး၊ Online Messenger များမှလည်း ဆက်သွယ်ပေး၍ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)