မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော အခြေခံဝန်ထမ်းများ၏ သားသမီးများအတွက် ကစားစရာအရုပ်များကို တာဝန်ရှိသူများများမှ လိုက်လံပေးအပ်


မိုင်းပန်     နိုဝင်ဘာ  ၂၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော ဌာနအသီးသီးမှ အခြေခံဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် ၎င်းတို့၏ သားသမီးကလေးငယ်များတွက် လူမှုဝန်ထမ်း ဦးစီးဌာနမှတစ်ဆင့် ယူနီဆက်မြန်မာ ပေးအပ်သော ကစားစရာအရုပ်များကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်မှ စတင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးကျော်မိုး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်နန်းငင်းလိန်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အိရွှေစင်လတ်တို့မှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပါဝင်ဆောင်ရွက်ခဲ့ကြသော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနနှင့်ဆက်စပ်ဌာနများ၊ စေတနာ့ဝန်ထမ်းအဖွဲ့၊ ကြက်ခြေနီအသင်းခွဲစသည့် ဌာန/အသင်းအဖွဲ့ အသီးသီးမှ အခြေခံဝန်ထမ်းများ၏ အသက်(၃)နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်(၆၅)ဦးအတွက် (၁)ဦးလျှင် (၁)ခုနှုန်းဖြင့် တာဝန်ရှိသူတို့မှ သွားရောက်ပေးအပ်ခဲ့ကြပြီး ကလေးငယ်တို့၏ တီထွင်ဖန်တီး လိုစိတ်ရှိစေရန်၊ အရောင်များကို ခွဲခြားတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးကောင်းမွန်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


အိရွှေစင်လတ်(ပြန်/ဆက်)