မဟာမုနိဓမ္မဟိန်းဂူ(မိုင်းကျက်ဂူ)တွင် တည်ထားမည့် ဆုတောင်းပြည့်နှီးဘုရားပင့်ဆောင်ပူဇော်


လွိုင်လင်           နိုဝင်ဘာ   ၂၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်  မဟာမုနိဓမ္မဟိန်းဂူ (မိုင်းကျက်ဂူ)တွင် တည်ထားကိုးကွယ်ပူဇော်ရန် ဆုတောင်းပြည့် နှီးဘုရား ရုပ်ထုတော်ကြီး ပင်လောင်းမြို့နယ် မီးသွေးချောင်းကျောင်းတိုက်မှ ပင့်ဆောင်လာရာ လွိုင်လင်မြို့သို့ ယနေ့ မွန်းလွဲ (၁)နာရီကရောက်ရှိပြီး အများပြည်သူ ဖူးမြော်နိုင်ရန်  တောင်ကြီး- လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးတွင် ခေတ္တ အပူဇော်ခံ ယူခဲ့ကြောင်း သိရသည်။


 အဆိုပါ ဆုတောင်းပြည့်နှီးဘုရားကြီးရက်လုပ်လှူဒါန်းနိုင်ရန်  မိုင်းကျက်ဂူတွင်  ၃ နှစ်  ၃လ ၃ ရက် အဓိဋ္ဌာန်ပြုနေတော်မူသော  အရညဝါသီ မဟာဓမ္မရာဇာ အဂ္ဂမဟာ ကမ္မဌာနစရိယ ဘဒ္ဒန္တဉာဏသံဝရ မိုင်းဖုန်းဆရာတော်ဘုရား၏ ၁၆.၉.၂၀၂၀ နေ့ ၎င်းဂူမှ ရေးသားပေးပို့လာသော မေတ္တာစာဖြင့် (၅၇)နှစ်ပြည့် ဆရာတော်ဘုရား၏မွေးနေ့(၅.၁.၂၀၂၁)နေ့တွင် နှီးဘုရားတစ်ဆူ ရက်လုပ်ပူဇော်နိုင်ရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်၊။ ထိုမေတ္တာရပ်ခံချက်ဖြင့် တောင်ကြီးမြို့ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ခမ်းမိုင် ဓမ္မသာမိ မှ ဦးစီးတော်မူပြီး  ၎င်းနှီးဘုရား ရုပ်ထုတော်ကို ပင်လောင်းမြို့နယ် ၊ မီးသွေးချောင်ကျောင်းတိုက်တွင် ကျောင်းထိုင် ဆရာတော် ဦးဆောင်ကာ ကျေးရွာငါးရွာမှ ရပ်သူရွာသားများ  လုပ်အားဝေယျာဝစ္စဖြင့် နှီးဘုရားရက် လုပ်ပညာရှင်ဆရာတော် စဝ်ပူအွန်ရှဲန် ဝိမလဗုဒ္ဓိမှ ဦးဆောင်ရက်လုပ်တော်မူခဲ့ရာ  ၂၂.၁၁.၂၀၂၀ ရက်နေ့တွင် ပြီးစီး၍ မိုင်းကျက်ဂူ ( မိုင်းပျဉ်း နှင့် မိုင်းဆတ်မြို့နယ် ကြား) သို့ ပင့်ဆောင်ကာ တည်ထား ကိုးကွယ် သွားမည်ဖြစ်ကြောင်း ဆုတောင်းပြည့်နှီးဘုရား ရုပ်ထုတော်ကြီး ပင့်ဆောင်ပူဇော်ရေး အဖွဲ့သားတစ်ဦးထံမှ သိရသည်။

မိုးလွင်ဦး(လွိုင်လင်)