ကျောက်မဲ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ကို ကိုဗစ်၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ သရက်တောကျောင်းတိုက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ကျောက်မဲရှိ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ကို ၁၄ ကြိမ်မြောက်အထိ မြို့ကျက်သရေဆောင် ခန်းမ၌စည်ကားသိုက်မြိုက်စွာနှစ်စဉ် ကျင်းပ ခဲ့သော်လည်း ယခုကာလသည် ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည့် အတွက် လူ ၃၀ ထက်မပိုဘဲ ၁၅ ကြိမ်မြောက် မဟာဘုံကထိန်ကို အကျဉ်းမျှသာ သရက်တောကျောင်းတိုက်တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်းပေါင်း ၂၈ ကျောင်း ရှိပြီး အဆိုပါကျောင်းများထဲမှ ဘုံကထိန်ခင်းရန် မဲပေါက်ခဲ့သည့် သရက်တောကျောင်း၌ ဌာနဆိုင်ရာများ၏ ၁၅ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို Social Distancing နှင့်အညီ အကျဉ်းမျှသာ ကျင်းပမည်ဖြစ်ပြီး ကျန်ဘုန်းတော်ကြီးကျောင်း ၂၇ သို့ ကထိန်သင်္ကန်းများနှင့် လှူဘွယ် ဝတ္ထုငွေများကို ကျောင်းအရောက် လိုက်လံလှူဒါန်းသွားမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)