ဖယ်ခုံ နို၀င်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ပြည်သူလူထုအတွင်း အသိပညာ ပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းဝေငှခြင်းများကို ယနေ့နံနက်ပိုင်း က ဖယ်ခုံမြို့လည်အဝိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာအချို့သည် ခရီးသွားရာဇ၀င်မရှိ၊ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့မှုများ မရှိသော်လည်း ကူးစက်ပြန့်ပွားနေခြင်းကြောင့် ပြည်သူလူထု အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား လျင်မြန်စွာ ဖြတ်တောက်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှု ကာကွယ်ရန်နည်းလမ်းများကို လက်ကိုင်အသံချဲ့စက် များဖြင့် အသိပညာ ပေးခြင်းနှင့် မြို့လည် အဝိုင်းတွင် ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြို့လည်အဝိုင်း၌ ပါးစပ်နှင့်နှာခေါင်းစည်းများ ဝေငှရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ ကျော်ကျော်ဦးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့တို့ဖြင့်ပူးပေါင်း၍ Mask ၁၀၀၀ ခုကို ဖြန့်ဝေခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)