ကျိုင်းတုံ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ နံရံကပ်ပြဘုတ်တွင် အမျိုးသမီး များ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး နံရံကပ်ပိုစတာများကို ယနေ့ မွန်းလွဲပိုင်းက ပြသထားရှိကြောင်း သိရသည်။
အဆိုပါနံရံကပ်ပိုစတာတွင် “အကြမ်းဖက်မှုတိုင်းအတွက် အကြမ်းဖက်သူမှာသာ တာဝန်ရှိပါသည်” ဟူသော ခေါင်းစဉ်ဖြင့် မိန်းမတို့၏ကာယိန္ဒြေကိုထိခိုက်အောင်ပြုလုပ်ခြင်း၊ အသရေဖျက်ခြင်း၊ အမျိုးသမီးအား နာကျင်အောင် ကိုယ်ထိလက်ရောက် ပြုခြင်း၊ ညစ်ညမ်းသောစကားဖြင့် ဆဲဆိုခြင်း၊ မိန်းမတို့အား ကာယိန္ဒြေပျက်စီးစေရန် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ လက်နက်ကိရိယာစသည့် တစ်ခုခုဖြင့် နာကျင်အောင်ပြုလုပ်ခြင်း စသည့်အချက်များဖြင့် အကြမ်းဖက်မှုများ ပြုလုပ်ပါက တရားစွဲဆိုနိုင်ခွင့်ရှိသော ပုဒ်မများနှင့် အကူအညီရယူရန် လူမှုဝန်ထမ်းဦးစီးဌာန ဖုန်းနံပတ်များ၊ ဉပဒေအကြံဉာဏ် ရယူရန် ဉပဒေရေးရာကုစားရေးအဖွဲ့၏ဖုန်းနံပတ်များပါရှိပြီး လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှုများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို လေ့လာဖတ်ရှုနိုင်သည့် ဖေ့ဘုတ်(စ်) လိပ်စာများ ပါရှိသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက် တာလှုပ်ရှားမှုများကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိ သူများက ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရသည်။
ရဲထက်ဦး(ပြန်/ဆက်)