နမ့်ဆန်မြို့နယ် အ.ထ.က (၁) Quarantine Centre တွင် ထားရှိသူ (၃၄)ဦးကို စစ်ဆေးရာ (၁)ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့

နမ့်ဆန်     နိုဝင်ဘာ    ၂၄ 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထက(၁)ကျောင်း Quarantine Centre တွင် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုထားသူ (၃၄)ဦးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများက Test Kit ဖြင့်စစ်ဆေးကြရာ အမျိုးသား (၁)ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ပို့ဆောင်ဆေးကုသ ထားကြောင်းသိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၂၀)ရက်နေ့တွင် နောင်ချိုစစ်ဆေးရေးဂိတ်၌ နမ့်ဆန်မြို့နယ်မှ ကားဆရာတစ်ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး နောက် ၎င်းနှင့် ဆက်စပ်ထိတွေ့ထားသူ (၆၀)ဦးခန့်ကို နတလကျောင်း၊ အထက(၁)၊ အမက(၃)တို့တွင် ပို့ဆောင်ထားပြီး ယနေ့ မွန်းလွဲပိုင်းက ကျန်းမာရေး ဝန်ထမ်းများမှ Test Kit ဖြင့် စစ်ဆေးကြည့်ရာ  အထက(၁)ကျောင်းတွင်ရှိသည့် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခြင်းခံရသူ (၃၄)ဦးတွင် အမျိုးသား(၁)ဦးထံမှ Positive  အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်တွင် ယနေ့ ညနေအထိ နောင်ချိုစစ်ဆေးရေးဂိတ်မှ ပိုးတွေ့ကားဆရာ(၁)ဦး ၊ ၎င်းနှင့် ဆက်စပ်ပိုးတွေ့လူနာ (၂)ဦး စုစုပေါင်း (၃)ဦးခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)