လွိုင်ကော် အောက်တိုဘာ ၂၇
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးကို ဌာနဆိုင်ရာများနှင့်ပြည်သူများလက်တွဲ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကာ ရေများပြန်လည်ကျဆင်း၍ ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုပြီး ပါဝင်ဆောင်ရွက်နေသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။ ရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းဆောင်များနှင့် ဓမ္မာရုံတို့ရှိ အခင်း၊ အမိုးနှင့် အခန်းနံရံများ၊ ပြတင်းတံခါးများအား ပြုပြင်နိုင်ရေးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် နောင်ယား(ခ)ရပ်ကွက်ရှိ နောင်ယားကန်သာပတ်ဝန်းကျင်တစ်လျှောက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ ပါဝင်ဆောင်ရွက်ကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။ နောင်ယားကန်သာအား အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် ကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကန်အတွင်း ရေမှော်များနှင့် အမှိုက်များကင်းစင်ရေး၊ ကန်ပတ်လမ်းပတ်ဝန်းကျင်တွင် မူလစိုက်ပျိုးထားသည့် ပန်းအလှပင်များ ပြုပြင်ထိန်းသိမ်းရေး၊ ပြည်သူများ အပန်းဖြေနားနေမည့်နေရာများပြုပြင်ပေးရေး၊ ကန်အား မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပရေးစသည့်လုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ သီရိမင်္ဂလာဈေးသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ ရေများပြန်လည်ကျဆင်း၍ ဈေးသစ်တည်ဆောက်ခြင်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဈေးတည်ဆောက်မှုလုပ်ငန်းအား သတ်မှတ်ကာလအချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ ဈေးအတွင်း ပြည်သူများဝင်ထွက်သွားလာမှု လွယ်ကူစေရေးအတွက် လမ်းများနှင့် ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများ စနစ်တကျဆောင်ရွက်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များ ပြည့်စုံစွာထားရှိရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် လောဓမ္မရပ်ကွက်နှင့် ဒေါတမရပ်ကွက်များအတွင်း ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပြည်သူများသို့ စားသုံးဆီများဖြန့်ဖြူးရောင်းချနေမှုများနှင့် စက်သုံးဆီအရောင်းဆိုင်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ စားသုံးဆီများ၊ စက်သုံးဆီများကို အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း အချင်အတွယ်ပြည့်မီစွာ ရောင်းချပေးရန်နှင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)