မိုင်းဆတ် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု့ စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အိမ်တွင်းမှု သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးကအဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စုတစ်ခုလုံး ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း အိမ်တွင်းမှုသင်တန်းကျောင်းများကို ရည်ရွယ်ချက်(၅) ရပ်ဖြင့် ဖွင့်လှစ်ထားရှိပါကြောင်း၊ ယခုသင်တန်းကို ၂၈-၁၀-၂၀၂၄ ရက်နေ့မှ ၂၈-၃-၂၀၂၅ ရက်နေ့ထိ ရက်သတ္တပတ် ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အဆောင်နေသင်တန်းသူများအတွက် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးတို့ကို တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးသင်တန်းသူ ၁၈၄၁ ဦးအနက် ၉၁၇ ဦးမှာ စက်ချုပ်အတတ်ပညာဖြင့် ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းပြုလျက်ရှိနေပြီဖြစ်ကြောင်း၊ ယခု သင်တန်းတက်ရောက်သူများအနေဖြင့် အိမ်တွင်းမှုပညာရပ်များကို ကြိုးစားသင်ယူသွားကြရန်နှင့် စည်းစည်းလုံးလုံးနှင့် ချစ်ခင်ရင်းနှီးစွာနေထိုင်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း( မိုင်းဆတ်)မှ ကျောင်းအုပ် ဒေါ်ခိုင်ခိုင်ထွေးက ယခုသင်တန်းတွင် သင်တန်းသူ(၃၀) ဦးတက်ရောက်သင်ကြား မည်ဖြစ်ပါကြောင်းနှင့် သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး အခမ်းအနာကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးညီညီထွေး၊ တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
လင်းထင်ကျော်(မိုင်းဆတ်)